About Our Department

ဌာနအကြောင်း

ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒဌာန အနေဖြင့် ဒုတိယနှစ်နှင့် တတိယနှစ် တိရစ္ဆာန်ဆေးသိပ္ပံအထူးပြုနှင့် ဒုတိယနှစ် မွေးမြူရေးအထူးပြုသင်တန်းသားများအတွက် ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒ ဘာသာရပ်များကို သင်ကြားပေးပါသည်။ သင်ကြားပေးနေသော ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒ ဘာသာရပ်များသည် တိရစ္ဆာန်ဆေးပညာနှင့် မွေးမြူရေးပညာအတွက် အဓိကအခြေခံဘာသာရပ်များဖြစ်သည်။  အခြေခံအုတ်မြစ် ဖြစ်သည့်အပြင် အခြားဘာသာရပ်များနှင့် ပတ်သက်ဆက်နွယ်နေသည်။ ပုံမှန် ဇီဝကမ္မနှင့် ဇီဝဓာတုဖြစ်စဉ်များကို နားလည်ထားမှသာလျှင် ပုံမှန်မဟုတ်သည့် ဖြစ်စဉ်များကို နားလည်ပေမည်။ ထို့ကြောင့် ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒ ဘာသာရပ်များ သင်ကြားခြင်းမှ သက်ရှိတို့၏ ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေသော တိရစ္ဆာဆေးပညာနှင့် မွေးမြူရေးပညာအတွက် အခြေခံသဘောတရားများကို နားလည်စေမည်ဖြစ်သည့်အပြင် အထူးတိုးတက်သော အမြင်များကိုလည်း ရရှိစေမည်ဖြစ်သည်။

ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒဌာန၏ စံနှုန်းတစ်ခုမှာ မျိုးဆက်သစ်များကို အစဉ်တစိုက် ပြုစုပျိုးထောင် ပေးနေခြင်းဖြစ်သည်။ ဆရာကြီးဦးမောင်မောင်စလက်ထက်မှ စ၍ ယခုထက်တိုင် သင်ကြားရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးကိစ္စများအတွက် ဝါရင့်ဆရာ၊ ဆရာမများက မျိုးဆက်သစ် ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြား ပေးလျှက်ရှိသည်။  ဌာနအနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍတွင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီနှင့် နီးကပ်စွာလက်တွဲ ဆောင်ရွက်လျှက်ရှိသည့်အတွက် တိရစ္ဆာန်အာဟာရဗေဒဓာတ်ခွဲခန်းကိုလည်း အဆင့်မြှင့် တည်ဆောက်နိုင်ခဲ့သည်။  ထို့အပြင် မော်လီကျူလာအခြေခံ သုတေသနလုပ်ငန်းအချို့ကိုလည်း လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။ လက်ရှိတွင် ဌာန၌ ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသူ တစ်ဦး၊ တိရစ္ဆာန်ဆေးသိပ္ပံမဟာဘွဲ့ သင်တန်း တက်ရောက်နေသူ (၉) ဦး နှင့် တိရစ္ဆာန်ဆေးပညာမဟာဘွဲ့သင်တန်းတက်ရောက်နေသူ (၁) ဦး သုတေသနလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။  မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ဘွဲ့လွန်သုတေသန လုပ်ငန်း အများဆုံး လုပ်ဆောင်နေသောဌာနဖြစ်ပါသည်။ ဌာနမှ တိရစ္ဆာန်ဆေးသိပ္ပံမဟာဒဿနဘွဲ့ရသူ (၂) ဦး၊ တိရစ္ဆာန်ဆေးသိပ္ပံ မဟာဘွဲ့ရသူ (၇၀) ဦး နင့် ပါရဂူဘွဲ့ရသူ (၁၀) ဦးရှိပြီဖြစ်သည်။  နိုင်ငံတကာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်း၍ ဘွဲ့လွန်ကျောင်းသားများကို သုတေသနထောက်ပံ့ကြေးများနှင့် နည်းပညာများကို ထောက်ပံ့ပေးလျှက်ရှိ ပါသည်။ ဌာနက ဆောင်ရွက်ခဲ့သော သုတေသနများကိုလည်း နိုင်ငံတကာနှင့် ပြည်တွင်း ဂျာနယ်၊ စာစောင်များတွင် ထည့်သွင်း ဖြန့်ချီလျှက်ရှိပါသည်။

ဌာနမှူး၏ ဥယျောဇဉ်

ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒဌာနတွင် ဆောင်ရွက်လျှက်ရှိသော သုတေသနလုပ်ငန်းများ၏ အဓိက ရည်ရွယ်ချက်မှာ အစားအစာဖူလုံအောင်ဖြည့်တင်းပေးခြင်းနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမှ တဆင့် ပြည်သူလူထုဘဝ သာယာဝပြောရေးပင်ဖြစ်သည်။ ထို့အပြင် ဌာနအနေဖြင့် အစားအစာထုတ်လုပ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရာသီဥတုပြောင်းလဲခြင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာကိစ္စရပ်များတွင်လည်း ပါဝင် ဆောင်ရွက်လျှက်ရှိသည်။ ထိုပြသနာများမှာ သုတေသနပညာရှင်များအပါအဝင် ပြည်သူလူထုကပါ ဝိုင်းဝန်းပါဝင် ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပါသည်။
ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒဌာန၏ သုတေသနနှင့် ပညာပေးအစီအစဉ်များက ဖြေရှင်းရန်လိုအပ်နေသော အစားအစာထုတ်လုပ်ရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းဖန်တီးရေး စသည့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ဘဝသာယာဝပြောအောင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။   တိရစ္ဆာန်များ သက်သာချောင်ချိရေးနှင့် ပြည်သူ့ဘဝ ရေရှည်ဝပြောသာယာရေးအတွက် ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒဌာနအနေဖြင့် အားလုံးနှင့် လက်တွဲဆောင်ရွက်ရန်ဆန္ဒရှိပါသည်။

About Image

65 Years
10 Lecturers
92 Enrollment
82 Graduates